မေတ္တာမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မေတ္တာ ဖေဖော်ဝါရီ ၁၁

မေတ္တာမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မေတ္တာမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ရာ၌ မေတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက အမှာစကား ပြောကြားရာ၌ ပန်းခင်စီးမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများသည် မေတ္တာမြို့အတွင်းမှာရှိတဲ့ ပြည်သူအားလုံးအနေဖြင့် လွယ်လွယ်နှင့်ကူကူနှင့် မှတ်ပုံတင်ရရှိစေလိုခြင်း၊ မိမိရရှိသော ကတ်ပြားများကိုလည်း မပျောက်ပျက်အောင် ထပ်ခါတစ်လဲလဲ မပြုလုပ်ရလေအောင် သေသေချာချာ သိမ်းဆည်းထားစေလိုခြင်းနှင့် နိုင်ငံသားတိုင်းသည် ကိုင်ဆောင်လက်မှတ် တစ်ခုခုရရှိမှာသာ နိုင်ငံသားပီသခြင်းများ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မေတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ဦးသူရထွန်းနှင့် တာဝန်ရှိသူများသည် အိမ်ထောင်စု လူဦးရေစာရင်း(၅၈)ခုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၅၃၈)ခုတို့အား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံစိစစ်ရေး ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးမှ ကြီးမှူး၍ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပထမအကြိမ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ လ ၁၅ ရက်နေ့အထိ ဆက်လက်ပြုလုပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း မေတ္တာမြို့ (လဝက)ရုံးမှ သိရသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ရာတွင် မေတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ဦးသူရထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်(လဝက)မှူး ဦးမောင်ကြီးနှင့် ဝန်ထမ်းများ၊ မေတ္တာမြို့မှ (လဝက) ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း (မေတ္တာ)