မော်လမြိုင်ကျွန်းမြို့နယ် ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ (Mini) ဘဏ္ဍာနှစ်အတွင်း ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေးကားလမ်းနှင့် မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ပြင်စလူ ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ‌ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟ‌ဇော်က မြေယာလျော်ကြေးနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မော်လမြိုင်ကျွန်းမြို့နယ်၊ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နုနုရီက မြေယာလျော်ကြေးနှင့် ပတ်သတ်သည့် အချက်အလက် များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြေယာလျော်ကြေးငွေများအား သက်ဆိုင်ရာတောင်သူ (၃၉) ဦးအတွက် လျော်ကြေးငွေ (၂၇.၄) သန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင် များ၊ တက်ရောက်လာကြသော တာဝန်ရှိသူ အသီးသီးမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)