သရက် ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ် ဆိုပြိုင်ပွဲကို သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်နီနီ မူကြိုကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက သရက်ခရိုင် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူကြိုကျောင်းသား၊ ကျောင်းသူလေးများက စုပေါင်းခြင်းသည် အင်အား၊ ပြည်ထောင်စုပွဲ၊ ကလေးများနေ့၊ ကျောင်းခန်းဝင်နှင့် Make a Circle ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ကလေးငယ်များက ပူစီဖောင်းဖောက်ကစားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေါ်နီနီမူကြိုနှင့် ကျောင်းသားမိဘများက ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ၊ ပြပွဲများနှင့် ပြိုင်ပွဲများအား လစဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)