နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက်  ဖေဖော်ဝါရီ ၁၁ 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။ 

ရှေးဦးစွာ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ လက်ရှိဆေးထိုးနေမှုအခြေအနေ များအား ချပြရှင်းလင်းခြင်းနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော အထောက်အထားများ စစ်ဆေးဆောင်ရွက်သွားရန်၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ပိတ်ရက်မရှိ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိ ပညာပေး အကြောင်းအရာများ နှိုးဆော်ခြင်းလုပ်ငန်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ တစ်ပတ်လျှင် (၃)ကြိမ် အသိပညာပေးခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့သည်။ 

အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှဝင်း