ကော့သောင်းမြို့တွင် အသားလုံး၊ အသားချောင်း အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး

ကော့သောင်း ဖေဖော်ဝါရီ ၁၁

စားသုံးသူမြို့နေပြည်သူများ ဘေးဥပါဒ်မဖြစ်ပေါ်ရေး နယ်စပ်ဒေသမှတဆင့်တရားမဝင် ဝင်ရောက်ကာ ရောင်းချလျက်ရှိသည့် ကော့သောင်းမြို့ပေါ်ဈေးများနှင့် ရပ်ကွက်များ အတွင်းရှိ အသားလုံး၊ အသားချောင်း အရောင်းဆိုင်များအား ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရသည်။

စားသုံသူများအတွက် ဆိုးရွားစွာဘေးဥပါဒ် ဖြစ်ပေါ်စေနိုင်၍ ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဌာန(FDA)မှ သတိပေးချက် ထုတ်ပြန်ထားသည့် နယ်စပ်ဒေသမှ ခွင့်ပြုချက်မဲ့ တင်သွင်းလာသော ကြက်ဖပုံနှင့် ကောင်းဘွိုင်ပုံပါ အသားချောင်း၊ အသားလုံးများ ရောင်းချခြင်းရှိ/မရှိကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန(FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များရှိ ဈေးများအတွင်းနှင့် အရောင်းဈေးဆိုင် များအား  လိုက်လံစစ်ဆေးခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချသူများအား အဆိုပါသတိပေးချက် ထုတ်ပြန်ထားသည့် တံဆိပ်ပါ အသားလုံးအသားချောင်းများ ရောင်းချခြင်းမပြုကြရေး ရောင်းချမှုများ တွေ့ရှိရပါက သတင်းပေးပို့ကြရေး၊ ရောင်းချသူများကို စားသုံးသူရေးရာ ဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေးခြင်းစသည့် လုပ်ငန်းများ ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)