ဇီးကုန်း ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၊ သမားတော်ကျောင်းတိုက် ရွှေပြည်တန် ဗိမာန်တော်၌ ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာအရှည်ခံ့၍ တည်တံ့ပြန့်ပွားရေးအတွက် မြို့နယ် သံဃနာယကအဖွဲ့မှ အနားယူလစ်လပ်သွားသော သံဃနာယကနေရာများတွင် အစားထိုးရွေးချယ်ရန် သံဃာ့နာယက အဖွဲ့အစည်းအဆင့်ဆင့် (အနားယူ /အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ အခမ်းအနားသဘာပတိ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောဝိဒက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဩဝါဒကထာမြွက်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထား ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့မှ အနားယူမည့်ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တိုင်း သံဃာ့ဝန်ဆောင်ဆရာတော် အခမ်းနားမှူးဖြစ်သော ပြည်မြို့၊ ကိုးသောင်းသာသနာ့ မင်္ဂလာ စာသင်တိုက် ဆရာတော်ဦးပညာလောကမှ ဖတ်ကြား လျှောက်ထားသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဝင်နေရာ ဘုရားကြီးကုန်းကျောင်း၊ ပန်းတင်ကလေး ကျောင်းနှင့် ဇောတိကာရုံဆရာတော်များ လစ်လပ်မှုဖြစ်သော (၃) နေရာ၌ အစားထိုးရွေးချယ်ခြင်းကို မြို့နယ်သံဃာ့ ဝန်ဆောင်ဆရာတော်များက အဆိုတင်သွင်းပြီး ထောက်ခံရွေးချယ်ခဲ့ကြ၍ သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါ ရွေးချယ်ပွဲသို့ တိုင်းသံဃာ့နာယက ကြီးကြပ်ရေးဆရာတော် (၃)ပါး၊ မြို့နယ်သံဃနာယက ဆရာတော်များ၊ သံဃာ့ဝန်ဆောင်ဆရာတော်များ၊ စုစုပေါင်း(၅၃)ပါးတို့ဖြင့် ဆောင်ရွက်ရာ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးသာသနာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်၊ မြို့နယ်သာသနာရေးမှူးနှင့် ဝန်ထမ်း များတို့က လိုအပ်သည်များကို ပူပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)