ပိုင်ကျုံ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေ ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းသည် (၁မိုင်x၁၂ပေx၁ပေ)ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှောချရေးရန်ပုံငွေ (၄.၉)သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာ တာဝန်ရှိသူတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးမှုကြောင့် ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူလာပြီး ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး