ချောင်းဦး ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်၈နာရီ အချိန်က စိုက်ပျိုးထားသည့် သီးနှံများ ဇီဝနည်းဖြင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဥကပ်ပါးနကျယ် ဓာတ်ခွဲခန်း ဖွင့်ပွဲ၊ ရာသီမရွေး စိုက်ပျိုးနိုင်သည့် အမယ်စုံ သီးနှံ မျိုးစေ့ ပြပွဲ၊ ကုန်ကျစရိတ် သက်သာပြီး မိသားစုလုပ်အားဖြင့် ပြုလုပ်နိုင်သည့် ရွက်ဖြန်းအားဆေး ပြုလုပ်ပြသပွဲများ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လေ့လာသူတောင်သူများ တက်ရောက်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထူးကျော်မှ အမှာစကားပြောကြားသည်။ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ တောင်သူတွေ ဓာတုဆေးတွေကို လျော့ချ သုံးစွဲပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့၊ သဘာဝ ဂေဟစနစ်ကို ဒီထက်ပိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းနိုင်စေဖို့၊ တောင်သူတွေ သီးနှံ အထွက်နှုန်း၊ အရည်အသွေးကောင်းပြီး အဟာရပြည့်ဝတဲ့ သီးနှံတွေရရှိစေဖို့ ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်တိုင်း စိုက်ပျိုးရေးဦးစီးမှူး၏ လမ်းညွှန်မှု့၊ ခရိုင် ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှု့ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အတွင်းရှိ အဆောက်အဦး ဟောင်းအား ပြင်ဆင်ပြီး ၂၀၂၁ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ သည်။
တက်ရောက်လာသူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကာကွယ်ပုံ နည်းစနစ်ကိုမေးမြန်းခဲ့ရာ ဒေါ်ခင်မြတ်မြတ်ဦးမှ စပါးသီးနှံဆို ၃ကြိမ်၊ ကုလားပဲနှင့် ဝါသီးနှံဆို ၂ကြိမ် ခန့်လွှတ်ပေးသင့်ကြောင်း၊ ခုလို ဥကပ်ပါးနကျယ်ကို လွှတ်လိုက်တာဟာ သီးနှံကွင်းထဲကို မိတ်ဆွေပိုးတွေ လွှတ်လိုက်တာ ဖြစ်ကြောင်း၊ စပါးပင်ကဖျက်ဆီးမဲ့ ဆစ်ပိုးဥကို ကပ်ပါးပြုလိုက်တာကြောင့် ဆစ်ပိုးအကောင် မပေါက်နိုင်တော့ကြောင်း၊ သီးနှံတွေကိုဖျက်ဆီးမဲ့ ဖျက်ပိုးတွေကို မဖျက်ဆီး နိုင်ခင် ဥကပ်ပါးနကျယ်များက ဖျက်ဆီးပစ်လိုက်ကြောင်း ရှင်းပြခဲ့သည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသူများအား ထရိုင်ဂို ဂရါးမား ဥကပ်ပါး နကျယ် မွေးမြူရေး ဓာတ်ခွဲခန်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့ပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့် အမယ် စုံ သီးနှံမျိုးစေ့များ လက်ဆောင်ပေး၍ စိုက်ပျိုးပုံနည်းစနစ်များ ပြသရှင်းလင်းခဲ့သည်။ ကုန်ကျစရိတ် သက်သာပြီး မိသားစုလုပ်အားဖြင့် ပြုလုပ်နိုင်သည့် ရွက်ဖြန်းအားဆေး ပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)