ပုသိမ်မြို့ ကုတင် ၅ဝဝ ​ပြည်သူဆေးရုံကြီးတွင် ကိုဗစ်-၁၉ ​ရောဂါ စစ်ဆေးသည့် စက်ရောက်ရှိ

ပုသိမ်  သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးနိုင်သည့် အမေရိကန်နိုင်ငံထုတ် (GeneXpert) စက်အမျိုးအစား တစ်လုံး ယမန်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစက်မှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၇၈၀ တန်ဖိုးရှိကြောင်း သိရသည်။ ယခု ဆေးရုံကြီးတွင် ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးသည့်စက်မှာ တစ်ကြိမ်လျှင် နှစ်ဦးသာ စစ်ဆေးပေးနိုင်ပြီး တစ်ရက်လျှင် ၁၀ ဦးသာ စစ်ဆေးပေးနိုင်မည် ဖြစ်သည့်အတွက် အရေးကြီးသည့် သံသယလူနာတွေကိုသာ ဦးစားပေးစစ်ဆေးဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်းကို ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့်စက်ကို ပုသိမ်တွင် တစ်လုံးနှင့် မြောင်းမြပြည်သူ့ ဆေးရုံကြီးတွင်လည်း ယနေ့တွင် စတင်တပ်ဆင်နေပြီ ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက သံသယ လူနာများကို စစ်ဆေးပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)