(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ နိဗ္ဗာန်ဈေးပွဲတော်နှင့် တက္ကသိုလ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ဖေဖော်ဝါရီ ၁၁

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ နိဗ္ဗာန်ဈေးပွဲတော်နှင့် တက္ကသိုလ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပရာ ဘားအံ တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှဌာနများက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများ၏ မုန့်ပဲသရေစာ မျိုးစုံကို ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းကြပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိကများ၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မဟာတန်းကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့သည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ အစဉ်ကိန်းအောင်း ရှင်သန်နေစေရေးအတွက် နှစ်စဉ် နှစ်တိုင်း ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေ၊ အနုပညာ ပြိုင်ပွဲများကို အခြေခံပညာအဆင့်မှ အဆင့်မြင့်ပညာအဆင့်ထိ ကျင်းပပြီး ထူးချွန်သူများကို ဆုများပေးအပ်ချီးမြှင့်၍ ဂုဏ်ပြုခဲ့ကြကြောင်း၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲများတွင် ဘားအံတက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူဟူ၍ အလွှာအားလုံးဝင်ရောက်ယှဉ်ပြိုင်ကြသည်ကို မြင်တွေ့ရကြောင်း၊ ထို့ကြောင့် ဘားအံတက္ကသိုလ်သည် မိမိတို့၏အလုပ်တွင်သာမက စာပေ၊ အနုပညာရပ်များတွင် စိတ်ပါဝင်စားကြပြီး ဘက်စုံ ထူးချွန်အောင်ကြိုးပမ်း  နေကြသည်ကို ဖော်ပြနေကြောင်း၊ ဘားအံတက္ကသိုလ်၏ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ အားလုံးစာပေကိုလေ့လာလိုက်စားပြီး ကလောင်အစွမ်းဖြင့် တိုင်ပြည်တာဝန်ကို ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက တက္ကသိုလ်ဓမ္မာရုံနှင့် တက္ကသိုလ် စာကြည့်တိုက်အတွက် အလှူငွေနှင့် ဥပဒေစာအုပ်များကို ပေးအပ်လှူဒါန်းရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက လက်ခံရယူခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသူ များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဘားအံတက္ကသိုလ် နည်းပြ၊ သရုပ်ပြများက ပဒေသာ အကအလှ များဖြင့် ဧည့်ခံဖျော်ဖြေကြကာ ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)