မကွေး ဖေဖော်ဝါရီ ၁၁
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီ စာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ၏ ဆုပေးပွဲအခမ်းနားကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ “ပြည်ထောင်စု” ဆိုသည်မှာ ပြည်နယ်နှင့်တိုင်းကို ပေါင်းစည်း၍ ဗဟိုအာဏာပိုင် အဖွဲ့အစည်း က စီမံအုပ်ချုပ်သည့်နိုင်ငံဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထား ကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူဝါဒပေါင်းစုံဖြင့် ပေါင်းစည်းနေထိုင်ကြသည်နှင့်အညီ တိုင်းပြည်သာယာဝပြောရန် စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးသာယာ ဝပြောရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြရာမှာဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းရဲ့ စိတ်နှလုံးမှာ ပြည်ထောင်စုစိတ်ဓာတ်ကို နှလုံးသွင်းနိုင်မှသာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ထာဝရရှင်သန်ရပ်တည်နိုင်မှာဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ တိုင်းရင်းသားပြည်သူများအကြား သွေးခွဲမှု၊ ပြည်ပအင်အားကြီ နိုင်ငံအချို့၏ သွေးခွဲသပ်လျှိုပေးမှုများကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုလျော့ရဲပြီး လက်နက်ကိုင် ပဋိပက္ခများအထိ ဖြစ်ပေါ်လာခဲ့ကြောင်း၊ တိုင်းရင်းသား ပြည်သူအားလုံးက ပြည်ထောင်စု၏ ညီအစ်ကိုမောင်နှမများ ဖြစ်သည်နှင့်အညီ အရေးကြီးချိန်တွင် သွေးစည်း ညီညွတ်ကြပြီး အဖျက်အန္တရာယ်ကို သတိမူကာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ နယ်မြေအေးချမ်း သာယာဝပြောရေးကို လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စည်းလုံးညီညာအောင်ကြောင်းဖြာ ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူများ၏ စည်းလုံး ညီညွတ်မှု ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်း မှုကြောင့် ဒေသတည်ငြိမ်အေးချမ်းပြီး မူလအခြေအနေထက် ပိုမိုသာလွန်သော ပိုမိုကောင်း မွန်ဖွံ့ဖြိုးတိုးတက်သည့် ဒေသများဖြစ်လာပြီး ပြည်ထောင်စုကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသ လူမှုစီးပွား တိုးတက်ရေး၊ ဒေသလုံခြုံအေးချမ်းရေး လုပ်ငန်းများကို ပြည်ထောင်စု စိတ်ဓာတ်အခြေခံပြီး ဝိုင်းဝန်း လက်တွဲ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်းကောင်း၊ ကျပန်းစကားပြော ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအားလည်းကောင်း၊ ဦးစီးဌာနအဆင့် ပန်းချီပြိုင်ပွဲတွင် ဒုတိယ ဆုနှင့် တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသူအား လည်းကောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး တို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)