ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရုပ်တု တပ်ဆင်ခြင်းလုပ်ငန်းအောင်မြင်ပြီးစီး

ဝန်းသို ဩဂုတ် ၂၇

၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်နယ်တို့ကို ၇ နှစ်တိုင်တိုင် ရွှတ်ရွှတ် ချွှန်ချွှန် တွန်းလှန်တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ် ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေးတွင် စော်ဘွားကြီး ဦးအောင်မြတ် ရုပ်တု တပ်ဆင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်တုတပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ်ရုပ်တုဖြစ်မြောက်ရေးကော်မတီအဖွဲ့၊ ရုပ်ထုပညာရှင် ဆရာ စူးမြင့်သိန်းအဖွဲ့၊ ဒါယကာ၊ ဒါယိကာမများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရပ်ဝေး ရပ်နီးမှ ခရီးသွားပြည်သူများ လွယ်လင့်တကူ ဝင်ရောက်လေ့လာ ဂုဏ်ပြုနိုင်ရန်အတွက် ပန်းခြံ၊ ရေပန်း၊ ဗိမာန် များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အကျိုးတော်ဆောင် မုံရွာလမ်းတံတား ဆရာတော် အရှင်သူရိယက မိန့်ကြားခဲ့သည်။

မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ကြေးရုပ်တုအား ဝန်းသိုမြို့ မဟာမှန် ကျောင်း ကျောင်းတိုက်ရှေ့ လမ်းဆုံ နေရာတွင် ၂၀၀၆ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဖွင့်လှစ်တည် ထားခဲ့ပြီး ယခု စော်ဘွားကြီးဝတ်စုံဖြင့် အမြင့် ၁၈ ပေရှိ အင်္ဂတေဖြင့်ပြုလုပ်ထားသော စော်ဘွားကြီး ဦးအောင်မြတ်ရုပ်တု အသစ်ကို ခန့်မှန်းငွေကျပ် သိန်း ၃၅၀ ကျော် ကုန်ကျခံ၍ ဝန်းသို- ကျောက်တန်းမြို့ထွက်တွင် ဂုဏ်ပြု တည်ထားကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)