ဘိုကလေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ များနှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပြပွဲဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာ ကျောင်းများ ပူးပေါင်းပါဝင်မှုဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများနှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၈) နာရီတွင် စည်ကားသိုက်မြိုက်စွာဖြင့် စတင်ကျင်းပဆောင်ရွက်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက မြန်မာတစ်နိုင်ငံလုံး ပျော်ရွှင်အေးချမ်း ငြိမ်းချမ်းသာယာ ကြစေကြောင်း ဆုတောင်းစကားနှင့်အတူ အဖွင့်အမှာစကား ပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများနှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ပုံပြပွဲအား ဘိုကလေးမြို့နယ် ဂုဏ်ဆောင် လူရည် ချွန်မယ်နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူများနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများမှ ဖွင့်ပွဲ သီချင်းနှင့် ဖျော်ဖြေရေး ကဏ္ဍများအား တင်ဆက်ကြသည်။ အဆိုပါ ပြည်ထောင်စုနေ့ ဖွင့်ပွဲအခမ်းအနားအား ယနေ့မှ စ၍ ဖေဖော်ဝါရီ(၁၂)ရက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိ (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲ မျိုးစုံနှင့် ဌာနဆိုင်ရာများ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပြခန်းများ ထည့်သွင်းပြသထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)