လေးမျက်နှာ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာရေးဆရာရွှေကျွန်းမောင် (ခမောက်စု)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လည်ပိုင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း အသိပညာပေး(Talk Show) ပြုလုပ်ခဲ့သည်။
ဆရာရွှေကျွန်းမောင်(ခမောက်စု)မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အမျိူးသားရေးဦးတည်ချက်များဖြစ်သော ဒို့တာဝန်အရေး(၃)ပါးအကြောင်း သိကောင်းစရာများ၊ စစ်မှန်သော မျိူးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထားဝစဉ်ရှင်သန်ထက်မြတ် ရေး၊ တိုင်းရင်းသားညီအကိုမောင်နှမများ၏ ကျစ်လစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအားဖြင့် နိုင်ငံတော်ကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းတည်ဆောက်ရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေးစသည့် အကြောင်းအရာများ၊ အမျိူးသားရေး ဦးတည်ချက်များအား နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး(Talk Show)များ၊ စာဖတ်ဝိုင်းများ၊ ကျောင်းသား ကျောင်းသူများအတွက် ကဗျာရွတ်အစီအစဉ်၊ ပုံပြောအစီအစဉ်၊ ဆောင်းပါး မိတ်ဆက် အစီအစဉ်များကို ကိုဗစ်-၁၉ ကာလအတွင်း Online မှတစ်ဆင့် အပတ်စဉ်ပြုလုပ်ပေးလျက်ရှိပြီး အသိပညာပေး(Talk Show)များပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)