ဘားအံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အများပြည်သူအားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်ချမ်းမြေ့သော လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရေး အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ ဖူဆယ်ပြိုင်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ဖူဆယ်ကလပ်အသင်းပေါင်း ၁၅ သင်း၊ အားကစားသမား ၁၈၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ရွှေကြာအင်းအသင်းနှင့် Best of Best အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေကြာအင်းအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပွဲစဉ်တစ်လျှောက်ကူညီဆောင်ရွက်ပေးသော ဒိုင်အဖွဲ့နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ပေးခဲ့ပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အကောင်းဆုံးဂိုးသမား ဆု၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများ ဆုံးဆု၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူများကို ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အမျိုးသား အလွတ်တန်းဖူဆယ်ပြိုင်ပွဲ တတိယဆုရ New Stars ဖူဆယ်အသင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကိုက ဒုတိယဆုရ Best of Best ဖူဆယ် အသင်းတို့ အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ရွှေကြာအင်းဖူဆယ်အသင်းအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုရအားကစားသမား များကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားပြီး စုပေါင်း မှတ်တမ်းဓါတ်ပုံ များရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းရုံး အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ၌ အောက်ခံ ဖောင်ဒေးရှင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၂/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ကျင်းပပြုလုပ်သည့် စီးပွားရေးရာ ကော်မတီအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီ းမင်းအောင်လိုင်၏ လမ်းညွှန်မှာ ကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပြန်လည်မြှင့်တက် လာသည့်အတွက် ပေါ့ဆ၍မရဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာ ကြစေလိုကြောင်း၊ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ မပျက်မကွက် တက်ရောက် ကြစေလိုပြီး နိုင်ငံတော်အစိုးရကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟူ၍ ငြိမ်းချမ်းရေး အဖွဲ့များကို ဖိတ်ခေါ်နေသည့်အပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သိရှိပြီး ပူးပေါင်းဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အများပြည်သူအနားယူအပန်းဖြေလည်ပတ် နိုင်ရေး၊ သန့်ရှင်းသောလေကို ရှူရှိုက်၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရေးအတွက် ကန်သာယာ ရေကန်ကိုဖြတ်၍ တံတားတည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက တံတားတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဈေးဆိုင်း ခန်းများ တည်ဆောက်ပြီးစီးမှုနှင့် လမ်းဘေးဝဲယာ လူသွားပလက်ဖောင်းများ အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အစည်းအဝေးခန်းမ (၃)ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဘတ်ဂျက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ် ၂၈၆၁၇၀၀၀ ဖြင့် အစည်းအဝေး ခန်းမအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)