ပန်းတောင်း သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပန်းတောင်းမြို့နယ် အတွင်း ၂၀၀၆ ခုနှစ်တွင် မြန်မာ့မီးရထားမှ ကြံခင်း ပခုက္ကူ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း ကြံခင်း-ဥသျှစ်ပင် သရက် ရထားလမ်းပိုင်းတွင် ပါဝင်သွားသော တောင်သူများ၏ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်း၊ မြန်မာ့ မီးရထားမှ တာဝန်ခံ ဦးအေးသိန်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး၊ ရွှေပင်ရပ်ကွက်၊ မကြီးထုံးအုပ်စု၊ တောင်ဘွေ အုပ်စု၊ နတ်မောက်အုပ်စု စသည့် ကျေးရွာအုပ်စု (၁၁) အုပ်စုတို့မှ တောင်သူ (၃၁၆)ဦး၊ စွန့်လွတ်မြေဧက (၃၆၁.၂၃)ဧကအတွက် မြေယာ လျော်ကြေးငွေ စုစုပေါင်း (၆၂၈.၆၄)သန်းအား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများမှ အသီးသီး လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့် ဌာနဆိုင်ရာ များ၊ မြန်မာ့မီးရထားမှ တာဝန်ခံ ဦးအေးသိန်း၊ အင်ဂျင်နီယာမှူး ဦးတင်ထွဋ်နှင့် မြန်မာ့မီးရထားမှ ဝန်ထမ်းများ၊ ရွှေပင်ရပ်ကွက်၊ မကြီးထုံးအုပ်စု၊ တောင်ဘွေအုပ်စု၊ နတ်မောက်အုပ်စု စသည့် ကျေးရွာအုပ်စု (၁၁)အုပ်စု ၊ စုစုပေါင်း အင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)