ကန့်ဘလူ၌ နွေစပါး၊ နွေသီးနှံ စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစွေ၊ ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသင်းတန်း ဖွင့်လှစ်

ကန့်ဘလူ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် နွေစပါး၊ နွေသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့၊ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံအောင်က မျိုးစေ့၊ ဓာတ်မြေဩဇာ ထောက်ပံ့ပေးခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နွေစပါး၊ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ​နှင့် ဓာတ်မြေဩဇာများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တောင်သူများအား ထောက်ပံ့ပေးအပ်သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးများက မျိုးစေ့ထုတ် စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာများနှင့် နွေစပါး၊ နွေနှမ်း၊ ချည်မျှင်ရှည်ဝါ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနည်းပညာများကို သင်ကြားပို့ချပေးခဲ့သည်။

နွေစပါးမျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအား မျိုးစေ့ထုတ်နည်းပညာရရှိစေခြင်း၊ လက်တွေ့လုပ်ကိုင်စေခြင်းဖြင့် မျိုးကောင်းမျိုးသန့်များအား ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရန်၊ နွေစပါး၊ နွေနှမ်း၊ ချည်မျှင်ရှည်ဝါ တစ်ဧကအထွက်နှုန်း  တိုးတက်ရေးနည်း ပညာများရရှိပြီး လိုက်နာဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းအထွက်နှုန်းများရရှိ၍ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကန့်ဘလူမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ် (၁၀)ဧက၊ နွေစပါးအထွက်တိုးစံပြကွက် (၂၀)ဧက၊ နွေနှမ်း အထွက်တိုးစံပြကွက် (၂၀)ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ (၃)ဧကစိုက်ပျိုးသွားမည်ဖြစ်ပြီး ကန့်ဘလူမြို့နယ်တွင် နွေစပါး ၂၉၅၁၀ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံအောင်က ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)