ကျွန်းလှမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအား ဖြင့် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ထန်းပင်ကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ၊ တောင်သူဦးမြသာ၏ လယ်ယာမြေ၌ ကျင်းပကြောင်း သိရသည်။

“ဒေသခံတောင်သူများ သွင်းအားစုပစ္စည်းများ ဈေးနှုန်းမြင့်တက်နေချိန် အစားထိုးအသုံးပြုနိုင်ရန် တောင်သူစွန့်ပစ်ပစ္စည်းများဖြင့် သဘာမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ)၊ မီးဖိုချောင်သုံးပစ္စည်းများဖြင့် သဘာဝပိုးသတ်းဆေးနှင့် ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုကြောင်း၊ ဓာတုကင်းလွတ်သီးနှံရရှိပြီး စားသုံးသူများလည်း ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝမြေဩဇာ (စူပါအီးအမ်ဘိုကာရှီ)နှင့် သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးများ ပြုလုပ်ပုံသုံးစွဲပုံ အဆင့်ဆင့်ကို လက်တွေ့ပြသကြပြီး စိုက်ပျိုးရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်နှင့် ဒို့ကျေးရွာဂျာနယ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကွင်းတာဝန်ခံများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)