ဟုမ္မလင်း ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲ ယနေ့နံနက် ၁၀ နာရီအချိန်တွင် အဆိုပါရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံလက်ဖက်စိုက်တောင်သူများနှင့် တောင်သူဦးကြီးများ တက်ရောက် ခဲ့ကြောင်းသိရသည်။
ရှေ့ဦစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်ကို ဧကပေါင်း(၉၄၁၃)ဧက စိုက်ပျိုးထားပါကြောင်း၊ ဟုမ္မလင်းမြို့နယ် ဟာဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ လက်ဖက်အထူးဇုန်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ၏ လူမူစီးဘဝဖွံ့ဖြိုးအတွက် တနိုင်တပိုင် ဆောင်ရွက်နိုင်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းမှ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ဆောင်ရွက်နိုင်သည့် သီးနှံဖြစ်ပါကြောင်းနှင့် စာတမ်းဖတ်ပွဲပြုလုပ်ပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက သီးနှံစိုက်ပျိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ပတ်သက်၍ ဒေသရဲ့လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကို အထောက်အကူ ဖြစ်စေဖို့နှင့် ဟုမ္မလင်းမြို့နယ်တွင် နှစ်စဉ်ချင်းတွင်းမြစ်၊ ဥရုမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးနှစ်မြုပ် ပျက်စီးမှုအပေါ် ကုစားနိုင်စေဖို့ ယခုလို စာတမ်းဖတ်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် စာတမ်းရှင် ဒေါ်စုစုခိုင်(ဒု-ဦးစီးမှူး)က လက်ဖက်အထွက်နှုန်းနှင့် ခူးဆွတ်အကြိမ်ရေအပေါ် လက်ဖက်ကိုင်းဖြတ်ပြုပြင်ခြင်း၏ အကျိုးသက်ရောက်မှု စမ်းသပ်ကွက် စာတမ်းကိုလည်းကောင်း စာတမ်းရှင် ဒေါ်နှင်းသက်ဌေး(ဒု-လ/ထဦးစီးမှူး)က ရေမြုပ်စပါး စမ်းသပ်ကွက်တွေ့ရှိချက်များကိုလည်းကောင်း Power Point များဖြင့် စာတမ်းဖတ်ကြားတင်ပြခဲ့ကြသည်။
ထို့နောက် သီးနှံစိုက်ပျိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံလက်ဖက် စိုက်တောင်သူများနှင့် တောင်သူဦးကြီး များတို့က စာတမ်းပါ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို အပြန်အလှန်အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဧဆက်(ဟုမ္မလင်း)