ဟားခါး ဖေဖော်ဝါရီ ၁၀
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ဗျူဟာ အဖွဲ့ (အခြေချ) (ဟားခါး) စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ကို ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုးနှင့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ တက်ရောက်လာကြသည့် ဧည့်သည်တော်များက စာကြည့်တိုက်အဆောက်အအုံအား အမွှေးနံ့သာရည်ပက် ဖျန်းပေးကြသည်။
ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူ များအား ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်အဆောက်အအုံမှာ အလျား ၃၀ ပေ၊ အနံ ၁၂ ပေရှိ သွပ်မိုး၊ အုတ်ကာ၊ တမံ တလင်းခင်း၊ တစ်ထပ် အဆောက်အအုံဖြစ်ပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ) (ဟားခါး) စစ်ဗျူဟာမှူး ဗိုလ် မှူးကြီး စောထွန်းနှင့် အရာရှိစစ်သည်များမှ တန်ဖိုးကျပ် (၁၀၃)သိန်း အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်ပေါင်း (၁၃၀၀)ခန့်ရှိပြီး စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းဖြင့် အလွယ် တကူစာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေခြင်း၊ အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ယဉ်ကျေးမှုသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေခြင်းနှင့် နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း သမီးကောင်းများ ပေါ်ထွန်းလာစေခြင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)