တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သင်တန်းဖွင့်လှစ်

တမူး  ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က တမူးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းကိုဆက်လက်ပို့ချရာ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက မြန်မာ GAP နည်းစနစ်တွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၆)ချက်တို့ကိုလည်းကောင်း တမူးခရိုင် ပိုးမွှားစစ်ဆေးရေးစခန်း တာဝန်ခံဦးသန်းကိုကို က ရာသီဥတုပြောင်းလဲလာမှုအပေါ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး နည်းပညာများအကြောင်းကိုလည်းကောင်း ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းဌေးမှ မျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကိုလည်းကောင်း ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးမျိုးနိုင်မှ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ စိုက်ပျိုးထည့်သွင်းနည်းများကို လည်းကောင်း ခရိုင်ပိုးမွှားစစ်ဆေးရေးစခန်းမှ ဦးစီးအရာရှိ ဦးမျိုးသိန်းမှ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးခြင်း အလေ့အကျင့်များကိုလည်းကောင်း မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဝေယံမိုးမှ ပဲမျိူးစုံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကိုလည်းကောင်း အင်ဒိုင်းကျေးရွာအုပ်စု စိုက်ပျိုးရေးတာဝန်ခံ ဦးဝေဠုကျော်မှ တပိုင်တနိုင် ကောက်ရိုးမှိုစိုက်ပျိုးခြင်း နည်းပညာများကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြသည်။

အဆိုပါ သင်တန်းသို တမူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ တောင်သူ(၂၈)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက် လာကြသူများအား Home Garden မျိုးစေ့များပေးအပ်ခဲ့သည်။ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသော တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သိရှိနားလည်ပြီး  စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူအန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးထံမှ သိရှိရသည်။

ကျော်ကြီး