စလင်း ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမဆောင်တွင် မူလတန်းအကြို ကျောင်းသား/သူကလေးများက ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်က ကစားနည်း(၄)မျိုးဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပြိုင်ပွဲအခမ်းအနားသို့ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်သိင်္ဂီအေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်၊ မူလတန်းအကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဆွေ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ခဲ့ပြီး ကလေးများ၏ ပြိုင်ပွဲဝင်အားကစားပြုလုပ်ကြပုံများကို အားပါးတရ ကြည့်ရှုကြပြီး ကလေးငယ်များ၏ ကစားနည်း(၄)မျိုးမှာ ဖားခုန်အပြေးပြိုင်ပွဲ၊ ဘောလုံး ကလေးများ ဖြင့်အရောင်ရွေးပွဲ၊ ရေခွက်ကလေးများအား ဘော်လုံးဖြင့်ပစ်ပေါက်ပွဲနှင့် ထိုင်ခုံ လုပွဲများကို မူကြိုကလေးများမှ ပျော်ရွှင်စွာယှဉ်ပြိုင်ကစားခဲ့ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာဆရာမများက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဖြိုးဝေ၊ ဒေါ်ဇာဇာဝင်း (ဆန်စက်ပိုင်) တို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြိုင်ပွဲဝင်ကလေးများကို ဆုများတစ်ဦးချင်းစီ ပေးအပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်သိင်္ဂီအေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်နှင့် တက်ရောက်လာသည့် အဖွဲ့အစည်းများက ကလေးငယ်များ ဆုများပေးအပ်ခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)