အိမ်မဲ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အ.မ.က မြို့မ(၂)ကျောင်းမှ ဆရာမဒေါ်လွင်လွင်မော်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တွင် အပါအဝင်ဖြစ်သော ပြည်ထောင်စုနေ့ကို ကျောင်းသား/သူများ သိရှိစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောပေးခဲ့ရာ ကျောင်းသား/သူ (၂၀)ဦးက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/သူလေးများ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြတ်စေရန်၊ အများသူငှာရှေ့တွင် ရဲရင့်စွာပြောတတ်ဆိုတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် စိတ်ကြိုက်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲများကို ကျင်းပပေးရာ အ.မ.က မြို့မ(၂)ကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူလေးများကို ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီးမြို့နယ်(ပြန်/ဆက)ဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သုတ၊ ရသရရှိစေမည့် စာအုပ်စာစောင်များအား ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)