ချီဖွေမြို့နယ်အတွင်း (Cash For Work) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အား ကွင်းဆင်းစစ်ဆေး

ချီဖွေ  သြဂုတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ကချင်ပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နှင့် တာဝန်ရှိသူများက သြဂုတ်လ (၂၂) ရက်နေ့မှ သြဂုတ်လ (၂၆) ရက်နေ့အထိ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်လင်းအောင်၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစောသီဟနှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်(Cash For  Work) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်သည့် ဂျစ်လိုင် ကျေးရွာအုပ်စု၊ ဂျစ်လိုင်ကျေးရွာ၌ အရှည် (၁၆၀၀)ပေ၊ အနံ(၂)ပေ၊ အနက်(၂)ပေ ရှိ ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကျောင်းခြံစည်းရိုး အရှည်(၉၀၀)ပေ၊ အမြင့်(၅)ပေရှိ ကွန်ကရစ်တိုင် ချိန်းလိပ်ကာရံခြင်းကိုလည်းကောင်း၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း၊ ဂါလံ(၅၀၀၀)ဆန့် ရေကန် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အလားတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သော လငေါ်ခေါ ကျေးရွာအုပ်စု၊ လငေါ်ခေါကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ အရှည် (၆၀)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၁၀)ပေရှိ အုတ်ခုံခံ သစ်သားတံတားဆောက်လုပ်ခြင်း၊ ပြည်ထောင်စု ရန်ပုံငွေဖြင့်  ထန်းဒုံ ကျေးရွာအုပ်စု၊ ထန်းဒုံကျေးရွာ ကျေးရွာတွင်း စိမ့်စမ်းရေသွယ်ယူခြင်း ဂါလံ(၅၀၀၀)ဆန့်ရေကန် ဆောက်လုပ်ပြီးစီးခြင်းနှင့် ဖီမော်ကျေးရွာအုပ်စု၊ ဂလန်ဒန်း ကျေးရွာတွင်း စိမ့်စမ်းရေ သွယ်ယူခြင်း ဂါလံ(၅၀၀၀)ဆန့်ရေကန်နှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရန်ပုံငွေဖြင့် အရှည် (၁၀၀၀)ပေ၊ အကျယ်၁ပေ၊ အမြင့်()ပေ ()လက်မ ရှိသည့် ကွန်ကရစ် အမျိုးအစား လယ်ရေသွယ်မြောင်း ဆောက်လုပ်ပြီးစီးခြင်း လုပ်ငန်းစသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများအား အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း ချီဖွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမုန်းရှငွေထံမှ သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)