ပိုင်ကျုံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများတို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြေသားလမ်းသည် အရှည် (၆)မိုင်၊ (၄)ဖာလုံရှိပြီး (၂)မိုင်အား ကျောက်လမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၂၇၃.၆၈၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို Htut and Family မှ တာ၀န်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူးခူး (ပြန်/ဆက်)