စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများဆုချီးမြှင့်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနှင့် အကြိုဟောပြောပွဲ မြိတ်တက္ကသိုလ်တွင် ကျင်းပ

မြိတ် ဖေဖော်ဝါရီ  ၁၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနှင့် အကြိုဟောပြောပွဲကို ယမန်နေ့က မြိတ်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲတွင်  မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြားပြီး စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ ကျောင်းသား/သူ (၅)ဦးမှ “ တနင်္သာရီမှသည် ပင်လုံဆီသို့ ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြပြီး အကြိုဟောပြောပွဲတွင် “ လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ် ” ခေါင်းစဉ်ဖြင့် မြန်မာစာပါမောက္ခဌာနမှူး ဒေါက်တာခင်မော်မော်ဦးက ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးခဲ့သော ကျောင်းသား/သူများနှင့် ဆွေးနွေးဟောပြောပေးခဲ့သည့် မြန်မာစာပါမောက္ခဌာနမှူးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနှင့် အကြိုဟောပြောပွဲကို တက္ကသိုလ်ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )