နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

နတ်တလင်း   ဖေဖော်ဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့် အောင်မြင်မှု"စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာ ရှင်များစုစည်း၍ Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာအုပ်စာပေ မှ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ‌စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ Youth Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အသီးသီးဖတ်ကြ၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့်ပြည်သူများ ဗဟုသုတတိုးပွားရရှိပြီး စာပေတန်ဖိုးကို သိရှိနားလည်စေမှာဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများသည် အသိပညာဗဟုသုတ များရရှိပြီးဆောင်ရန်၊ ရှောင်ရန်များကို နားလည်သဘောပေါက်မှာဖြစ်ကြောင်း စာပေချစ်မြတ်နိုးသူ တစ်ဦးထံမှသိရပြီး မြို့နယ် ပြန်/ဆက် ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်း အပြင်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များအား အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)