ပခုက္ကူ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပဲသီးရှည် စမ်းသပ်စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေရရှိကြကြောင်း သိရသည်။
ပဲသီးရှည်ကို လေးဧကစိုက်ပျိုးထားပြီး ၂၀၂၁ ခုနှစ်၊အောက်တိုဘာလမှစတင်ကာ တိုင်ထောင်စနစ်ဖြင့် တစ်ဧကလျှင် ပျိုးပင်ပေါင်း(၆၀၀)ပင်ကို မျိုးစေ့ချပျိုးထောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပဲသီးရှည်ပျိုးပင်တစ်ထုပ်ကို ငွေကျပ် ၄၀၀၀ ပေးရပြီး စိုက်ပျိုးထားသော ပျိုးပင်များကို ပေါင်းနုတ်၊ မြေဩဇာကျွေးခြင်း၊ ရေလောင်းပေးခြင်း၊ ပဲသီးရှည်များ ဖူးပွင့်စအချိန်တွင် အပွင့်များပိုးမကိုက်စေရန် ပိုးကောင်လေးများ ဖမ်းယူရှင်းလင်းပေးခြင်း၊ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဂရုတစိုက်ဆောင်ရွက်ပေးရကြောင်း၊ စိုက်ပျိုးပြီးချိန်နှစ်လခန့်အကြာတွင် စတင်ခူးဆွတ် ရောင်းရချပြီး ပဲသီးရှည်တစ်ပိဿာကို ငွေကျပ်၃၀၀နှင့်၁၀၀၀အကြား ရောင်းချနေရကြောင်း၊ စိုက်ပျိုးထားသည့် ပဲသီးရှည်များကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ တစ်ပတ်လျှင် အများဆုံးပိဿာချိန်ပေါင်း(၂၀)အထိ ခူးဆွတ် ရောင်းချနေရပြီး ပိဿာချိန်ပေါင်း(၁၀၀)ထွက်လျှင် အမြတ်ငွေ သုံးသိန်းခန့်ရရှိကြောင်း၊ ယခင်နှစ်များတွင် ပဲသီးရှည် စိုက်ပျိုး လုပ်ကိုင်ခြင်းမရှိခဲ့သော်လည်း ပဲသီးရှည်ဈေးကွက်ကောင်းလာသောကြောင့် ယခုနှစ်တွင် စမ်းသပ်စိုက်ပျိုး ထားခြင်းဖြစ်ကြောင်း၊ ပဲသီးရှည်တစ်ဧကအတွက် ရင်းနှီးကုန်ကျငွေ ကျပ်တစ်သိန်း ခန့်အထိရှိပြီး ဖေဖော်ဝါရီလကုန်အထိ ဆက်လက်ခူးဆွတ် ရောင်းချရမည်ဖြစ်သောကြောင့် အမြတ်ငွေလည်း ပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း ပဲသီးရှည်စမ်းသပ် စိုက်ပျိုးလုပ်ကိုင်သူ ဦးခင်အောင်က ပြောပြသည်။
ယခုနှစ်တွင် ပဲသီးရှည်များအထွက်နှုန်းကောင်းမွန်သည့်အပြင် ဈေးကွက်လည်းကောင်းသောကြောင့် ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာရှိ ပဲသီးရှည်စိုက်တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိကာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)