(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မူလတန်းအကြို ကျောင်းကလေးများ ပုံပြောပြိုင်ပွဲ၊ အင်္ဂလိပ်စကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်

စလင်း ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စလင်းမြို့နယ်မူလတန်းအကြိုကျောင်းမှ ကလေးများ ပုံပြောပြိုင်ပွဲ၊ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ အချိန်က စလင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre (လူထုအခြေပြုဗဟိုဌာန)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်၊ မူလတန်းအကြို ကျောင်းအုပ်ဆရာမ ဒေါ်မြတ်မြတ်ဆွေ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒေါ်သိင်္ဂီအေးမှ ကလေးငယ်များ၏ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကလေးငယ်များက ဆင်ကလေးပုံပြင်၊ ခန္ဓာကိုယ်အကြောင်း အင်္ဂလိပ်စကားပြောပြိုင်ပွဲနှင့် "တို့အောင်ပွဲ"ကဗျာတို့ဖြင့် ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြိုင်ပွဲကို စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုသည့် ကျောင်းသားမိဘဖြစ်သူ ဦးဖြိုးဝေ၊ ဒေါ်ဇာဇာဝင်း(ဆန်စက်ပိုင်)တို့မှ တစ်ဦးခြင်းအလိုက် ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)