အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုးထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion၊ Hearbal Shampoo ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပေး ခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများအား တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအား အခြားတပ်ဖွဲ့ဝင်မိသားစုများသို့လည်း ဖြန့်ဝေပေးသွားရန် လိုအပ်ပြီး ဒေသထွက်ပစ္စည်းများဖြင့် ထပ်မံတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်း တပ်ဖွဲ့ဝင် မိသားစုများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထုတ်ကုန်ပစ္စည်းများအား ပေးခဲ့ရာ၊ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိ မှုအား လှည့်လည်ကြည့်ရှု၍ သင်တန်းနည်းပြဆရာမအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူ များနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ လမ်းညွှန်မှုဖြင့် တို်ငးဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖေဖော်ဝါရီလ (၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစု(၂၀)ဦးအား သင်ကြားပေးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)