ပဲခူး ဖေဖော်ဝါရီလ ၁၀
ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းနှင့် ပြည်ထောင်စုအင်အား သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုနေ့သည် မြန်မာတစ်မျိုး သားလုံး သူ့ကျွန်ဘဝကလွတ်မြောက်ဖို့၊ အချုပ်အခြာအာဏာ ပြန်လည်ရရှိပြီး လွတ်လပ်သော နိုင်ငံကြီးဖြစ်နေဖို့ အလွန်အရေးပါသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ထဲတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မာရေးဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ ဆုရကျောင်းသား/သူများသည် နိုင်ငံတော်အဆင့်မီသည်ကို သိရှိရသဖြင့် ဂုဏ်ယူပီတိဖြစ်ရ သလို အရည်အသွေးပြည့်ဝအောင် လမ်းညွှန်ပြသပေးသူ ဆရာ/ဆရာမများကိုလည်း ကျေးဇူးတင်ရှိ ကြောင်းနှင့် ပြည်ထောင်စုနေ့၏ အနှစ်သာရဖြစ်သော စည်းလုံးညီညွတ်ပြီး လှပသည့် အနာဂတ် နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ ကျရာအခန်းကဏ္ဍမှ တာဝန်သိသိ ပါဝင်ကြိုးပမ်းပေးကြစေလို ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆုရရှိသော ကျောင်းသား/သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော ကျောင်းသား/သူများအား တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ တတိယဆုရရှိသော ကျောင်းသား/သူများအား တိုင်းဒေသကြီး အတွင်းရေးမှူးက လည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/သူများက ဖျော်ဖြေရေးအစီအစဉ်များနှင့် ဖျောဖြေတင်ဆက်ကာ ဆုရကျောင်းသား/သူများ၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြော ပြိုင်ပွဲ တို့တွင် ပထမဆုရရှိသူများအား တစ်ဦးလျှင် ငွေကျပ်(၃)သိန်း၊ ဒုတိယဆုရရှိသူများအား တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှင့် တတိယဆုရရှိသူများအား တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှင့်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)