ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၁၀

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ် အတွင်းတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ကြိုတင်စီစဉ် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဖွဲ့စည်း ထားသော ပြည်နယ်ကော်မတီအနေဖြင့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းတွင်  ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နေသည့် အချိန်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းသည် အရေးကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတွင်ပါဝင်ကြောင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ၊ လေဆိပ်၊ ကားဂိတ် အဝင်လမ်းများတွင် ပြည်တွင်း၊ ပြည်ပမှ ဝင်ရောက် လာသူများကို ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရန် လိုအပ် ကြောင်း၊ Quarartine Center များအသင့် ပြန်လည်ပြင်ဆင်ထားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးအတွက် အထောက်အကူပစ္စည်းများ စုဆောင်းထားရန်၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ ကျန်းမာရေးဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် အောက်ဆီဂျင်အိုးများ လုံလောက်မှုရှိရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များက ဘက်ပေါင်းစုံမှ ထိရောက်ကျယ်ပြန့်စွာဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ကာကွယ်၊ ထိန်းချုပ် ရန်အတွက် ဆောင်ရွက်မည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရက ဦးဆောင်ဆောင်ရွက်ပေးမည့် လုပ်ငန်းများ၊ ကော်မတီများနှင့် လူမှုရေး အသင်းအဖွဲ့များက ဆောင်ရွက်မည့်လုပ်ငန်းများ အပေါ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို မှာကြားကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)