မုံရွာ ဖေဖော်ဝါရီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအထိမ်းအမှတ် အခမ်းအနားမှူး အရည်အချင်း ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ Video confencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းနှင့် ဦးထွန်းရှိန်တို့က ထူးချွန်ထက်မြက်သည့် အခမ်းအနားမှူးကောင်းများ ဖြစ်အောင် ကြိုးစားယှဉ် ပြိုင်ကြစေကြောင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး ဝန်ထမ်းများ အနေဖြင့် ပြည်သူနှင့် တွေ့ဆုံပွဲများ ပြုလုပ်ရသည်ဖြစ်၍ ယခုအခမ်းအနားမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ဆက်လက်ကြိုးစား ဆောင်ရွက်ကြစေကြောင်း အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ ဦးစီအရာရှိ ဒေါက်တာ တင်မာမာဦးက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများနှင့် စပ်လျဉ်း၍ ပြိုင်ပွဲဝင်များအနေဖြင့် ကိုယ်အမူအရာပြေပြစ်ခြင်း၊ ဝတ်စားဆင်ယင်မှု သပ်ရပ်ခြင်း Style ကျခြင်း၊ အသံပီသကြည်မြခြင်း၊ အသံအဖြတ်အတောက် အစွဲအငင် မှန်ကန်ခြင်း၊ ပွဲအစအဆုံး စနစ်တကျ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကို အလေးထား ကြည့်ရှု အကဲဖြတ်အမှတ်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားမှူး အရည်အချင်း ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ သတ်မှတ် အခမ်းအနား အစီအစဉ်(၅)မျိုးမှ မဲကျရာအခမ်းအနား အစီအစဉ်များအလိုက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မြေ၊ မျိုး၊ပိုး ဝန်ထမ်း(၁၀)ဦး၏ အသီးသီးပါဝင် ယှဉ်ပြိုင်မှုတို့အား အကဲဖြတ်ဒိုင်လူကြီးများနှင့် Zoomဖြင့် တက်ရောက် လာကြသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများကအား ပေးကြည့်ရှုခဲ့ကြပြီး အားနည်းချက်၊ အားသာချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ ဦးထွန်းရှိန်နှင့် တိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံတို့က အသီးသီးလက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)