ကျိုက်လတ် ဖေဖော်ဝါရီ ၉
ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများ ဆေးကုသမှုခံယူရန်အတွက် အမှတ်(၄)ရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ Quarantine Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ နေ့လည် ၁၂ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူးရဲမင်းနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများ ဆေးကုသမှုခံယူမည့် မိုးကုတ်ဓမ္မရိပ်သာ ကျောင်းဝန်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ အသုံးအဆောင် ပစ္စည်းများထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းနိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စ၍ မြို့ထိပ်လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် မြို့နယ်သို့လာရောက်မည့် ခရီးသွား ပြည်သူများအား RDT Test Kit ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ (၁၀)ဦး၊ ရုံးဒေါင့်တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၅) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်