(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် (မော်လမြိုင်) ဘက်ခြမ်း ဖားစည်ကျွဲချို မုခ်ဦးဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂု ဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ (မော်လမြိုင်) ဘက်ခြမ်း မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးကို ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်မြို့တော် ဘားအံမြို့အား တင့်တယ်ခန့်ညားသော မြို့အဝင်မုခ်ဦး ဆိုင်းဘုတ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ကရင်လူမျိုးတို့၏ အမျိုးသားသင်္ကေတတစ်ခုဖြစ်သော ဖားစည်နှင့်ကျွဲချိုမုခ်ဦးခုံး ဒီဇိုင်းပုံစံကို အတည်ပြုရွေးချယ်ပေးခဲ့ပြီး ယနေ့ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် နောင်ကာလတွင် မြို့တော်၏ အမှတ်သညာနေရာတစ်ခု ဖြစ်လာတော့မှာ ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အလျား ၇၀ ပေ၊ အနံ ၆ ပေ၊ အမြင့် ၂၅ ပေရှိ ဖားစည်ကျွဲချိုမုခ်ဦးခုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဇွဲကပင် တောင်တန်းကြီးကို နောက်ခံထား၍ ကရင်ဒုံးအက၊ ဖားစည်သံ၊ ကျွဲချိုသံတို့နှင့်အတူ သာယာဝပြော၍ ကိုယ်စိတ်နှလုံး သာယာချမ်းမြေ့ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးခုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမှတ်(၂၂) ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူတို့က မြို့အဝင်ဖားစည်ကျွဲချိုမုခ်ဦးအား ဖဲကြိုးဖြတ ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က မုခ်ဦးခုံးကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက် လာသူများနှင့် အတူ အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြကာ အမှတ်တရမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဆုတော်ငွေများပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ မုခ်ဦးမြေယာ ရှုခင်းအလှများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြကာ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား မုခ်ဦးခုံးပုံစံ ငယ်အမှတ်တရ အထိမ်းအမှတ်ရုပ်တုများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်ဖွဲ့ဝင်မိသားစုများ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် စိုက်ပျိုးမွေးမြူရေး (စီးပွားရေး) လုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရန်ပုံငွေများ လျာထား၍ အစဉ်ထောက်ပံ့ပေး လျက်ရှိရာ  ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသို့ ယူရီးယား ဓါတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ဖွဲဝင်မိသားစုများကို စားဝတ်နေရေး ကူညီဖြေရှင်းပေးနိုင်ရေးနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ လည်ပတ် လုပ်ကိုင်နိုင်စေရေးအတွက်  နှစ်အလိုက် ဘတ်ဂျတ်များ လျာထား၍ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရေခံမြေခံကောင်းသည့် ပြည်နယ်ဖြစ်သည့်အတွက် အရင်းအနှီး၊ လုပ်အားနှင့် နည်းပညာကျွမ်းကျင်မှုရှိပါက စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များကိုတိုးမြှင့်ထုတ်လုပ်လာ နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည့် နည်းပညာ၊ ထောက်ပံ့မှုနှင့် အသိပညာပေးခြင်းများကို အချိန်မရွေးဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိမှုရှိစေရေးအတွက် ယူရီးယားဓါတ်မြေဩဇာများကို အခမဲ့ ထောက်ပံ့ပေး ခြင်းဖြစ်ပြီး လယ်ယာဥယျာဉ်ခြံမြေလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေး အထောက်အပံ့ တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ အမှတ်(၃)၊ ထောမဲပါစစ်ဗျူဟာ၊ အမှတ်(၇၇၅) စိုက်ပျိုးမွေးမြူရေးစခန်းအတွက်လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ ်ဦးသိန်းကိုကိုက ကရင်ထာဝရလက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်အဖွဲ့အစည်း (KEP) အဖွဲ့အား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ကရင် အမျိုးသားအစည်းအရုံး (KNU) တပ် မဟာ(၇) နယ်မြေအတွက် လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အတွက်လည်းကောင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်က အမှတ်(၁၀၁၃)နယ်ခြားစောင့် တပ်အတွက် လည်းကောင်း ယူရီးယားဓါတ်မြေဩဇာ ၄၀၀ အိတ်စီ စုစုပေါင်းအိတ် ၂၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြ ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ ဝင်များနှင့် တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ခံများက အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက်  ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ်           ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပြီး ယခင် အတွေ့အကြုံများကိုအခြေခံ၍ လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ဝယ်ယူစုဆောင်းထားကြစေလိုကြောင်း၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများကို စနစ်တကျ ပြန်လည်စုဖွဲ့ထားကြဖို့လိုကြောင်း၊ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အစုအဖွဲ့လိုက် ရောဂါပိုး တွေ့ရှိလာပါက ကာကွယ်ထိန်းချုပ်ကုသရန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် အဖွဲ့အစည်းအသီးသီးမှ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ပြင်ဆင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးကျော်စိုး၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယ တပ်မမှူးဗိုလ်မှူးကြီးနေလင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားမှုမရှိစေရေး၊  ကာကွယ်၊ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်သင့်သည့်အချက်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်၊ မြို့ အုပ်ချုပ်ရေးမှူးများက ဒေသအလိုက်၊ ကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)