သဲကုန်းမြို့နယ်တွင် အိုင်အိုဒင်းဆားရောင်းချမှုအရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဩဂုတ်လအတွင်း လှုပ်ရှားဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် မြို့နယ်စည်ပင်သာယာဈေး အတွင်းနှင့် အပြင်ဘက်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား ဆားများတွင် အိုင်အို ဒင်း ဓာတ်ပါဝင်မှု ရှိ/မရှိ အရည် အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ်အတွင်း၌ သက်ဆိုင်ရာနယ်မြေအလိုက် အဖွဲ့များခွဲ၍   စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း၊ မိခင်ကလေးကျန်းမာရေးဌာနမှ ဩဂုတ်လ၏ နောက်ဆုံးပတ်လှုပ်ရှားမှု အနေနှင့် ဆားများတွင် အိုင်အိုဒင်း ဓာတ်ပါ/မပါ အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်မပြည့်ဝ လျှင် ကလေးများတွင် ဉာဏ်ရည် မမီမှုများ ဖြစ်လာပြီး စာသင်ကြားရာတွင် ခက်ခဲနေမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်များတွင်လည်း အိုင်အိုဒင်း ဓာတ် ချို့တဲ့ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ ကိုယ်လက်အင်္ဂါမစုံလင်ခြင်း၊ ဉာဏ်ရည်မမီသော ကလေးမွေးခြင်းများ ဖြစ်နိုင် ကြောင်း၊ လည်ပင်းကြီးရောဂါလည်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)