ဂန့်ဂေါ ဖေဖော်ဝါရီ ၉
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်၏ ဩဝါဒကိုခံယူလျက် စေတနာရှင်များ၏ စုပေါင်းအားဖြင့် ဆောက်လုပ်သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီတွင် ဂန့်ဂေါမြို့ သာသနာ့ ဗိမာန်အနီးရှိ အောက်ဆီဂျင် စက်ရုံရှေ့၌ပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလ၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးရဲရန်ပိုင်၊ မြို့မိမြို့ဖများ ဖြစ်ကြသော ဦးလွင်ဦး၊ ဦးကြင်ဆွေ၊ ဦးအောင်စိုးမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံဆောက်လုပ်ရာတွင် ပါဝင်ကြသူများ၊ စေတနာရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။
ဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အမှာစကား ပြောကြားပြီး စက်ရုံဆောက်လုပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဝင်းက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကိုရှင်းလင်း တင်ပြသည်။
အဆိုပါစက်ရုံကို မြို့မ/မြို့ဖစေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေကျပ်သိန်း ၂၀၄၆ သိန်း ရရှိခဲ့ပြီး အလျား ၄၅ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေရှိ အုပ်ညှပ်၊ သွပ်မိုး၊ သမံတလင်းခင်းဖြင့် ဆောက်လုပ်ထားသည့်အပြင် စက်ရုံအဝင်အထွက်လမ်းကိုလည်း ဖောက်လုပ်ထားသည်။ အောက်ဆီဂျင်စက်များအဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ နာရီ ၂၀ လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၀၀ ကိုဖြည့်ဆည်းပေးနိုင်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှ စတင်လည်ပတ်သည့် စက်တစ်လုံးနှင့် စေတနာရှင်များ လှူဒါန်းငွေဖြင့် ဝယ်ယူသည့် နာရီ ၂၀ လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၈၀ ဖြည့်ဆည်းပေးနိုင်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်လည်ပတ်သည့် အောက်ဆီဂျင်စက်များဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်အတွက် လိုအပ်သည့်အောက်ဆီဂျင်များကို ယခင်က မန္တလေး၊ မကွေး၊ ပခုက္ကူ စသည့် မြို့များမှသယ်ယူခဲ့ရသော်လည်း ယခုအခါတွင် ဒေသတွင်ထုတ်လုပ်နိုင်ပြီဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက်သာမက အောက်ဆီဂျင်လိုအပ်မှုများ လွယ်လင့်တကူ ရရှိနိုင်ပြီ ဖြစ်ကာ ခရိုင်အတွင်းရှိ ထီးလင်း၊ ဆောမြို့နယ်များအပြင် ဆက်စပ်လျက်ရှိသည့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့ အတွက်ပါ အဆင်ပြေလွယ်ကူသွားကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)