ကသာမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကသာ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ(၈)ရက်နေ့က ကိုဗစ် -၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံအတွင်း၌  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုး တွေ့ရှိနေပြီဖြစ်သည့်အတွက် ကသာခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပေါ့ဆမှုမရှိအောင် အခြေခံပညာကျောင်းများ၊ ဈေးများနှင့် လူစည်ကားသည့်နေရာများတွင် အသိပညာပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရန်နှင့် ကုသရေးလုပ်ငန်းဆိုင်ရာများကို အထူးပြောကြားခဲ့သည်။

ထို့နောက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို အသီးသီးရှင်းလင်းပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူများနှင့် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)