တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို စက်ဘီးပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီး စက်ဘီးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ 10

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးစက်ဘီးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

ရှေးဦးစွာ အောင်ပွဲရ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေအား ရှင်းလင်း တင်ပြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသော ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးသည် ပြေးခုန်ပစ်အားကစားနည်းတွင်နှင့် စက်ဘီးအားကစားနည်းတွင် မြန်မာ့လက်ရွေးစင် အားကစား သမားများကို မွေးထုတ်ပေးနိုင်သော အစဉ်အလာရှိသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စက်ဘီးပြိုင်ပွဲများတွင် ဆုရရှိမှုအခြေအနေမှာ၂၀၂၂ ခုနှစ်၊ ရွှေ(၃)ခု၊ငွေ(၁)ခု၊ ကြေး(၁)ခု ဖြင့် အမျိုးသမီးပထမဒိုင်းဆုကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးစက်ဘီးအသင်းအနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂတ်သို့ တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မ‌လျှော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓာတ်များဖြင့် ဆက်လက်ကြိုးပမ်း အားထုတ် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ရရှိလာသောဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထံအပ်နှံပြီး ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးစက်ဘီး အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေကျပ် (၃၀) သိန်း ချီးမြှင့်ပြီး တိုင်းဒေသကြီးစက်ဘီးအသင်း အုပ်ချုပ်သူ ဒေါအေးအေးဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)