ရွှေဘို ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကုန်စည်ပို့ဆောင်ရေးများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဒီဇယ်၊ ပရီမီယမ် ဒီဇယ်ဆီများကို တစ်ဂါလံကာလပေါက်စျေးအောက် ကျပ်တစ်ထောင်လျော့ချ၍ ဖေဖော်ဝါရီလ ၈ ရက်မှစတင် ရောင်းချ ပေးလျက်ရှိကြောင်း ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။
ဒီဇယ်၊ ပရီမီယမ်ဒီဇယ်ဆီများကို ဖေဖော်ဝါရီလ ၈ ရက်နေ့က စ၍ရွှေဘိုမြို့ DENKO ဆီအရောင်းဆိုင်တွင် ဒီဇယ် တစ်လီတာ ၁၅၇၃ ကျပ်ဖြင့်လည်းကောင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၁၅၈၀ ကျပ်ဖြင့်လည်းကောင်း စတင် ရောင်းချလျက်ရှိသည်။
ယမန့်နေ့တွင် ရွှေဘိုမြို့ BOC ဆီအရောင်းဆိုင်မှ ဒီဇယ်တစ်လီတာ ၁၅၅၃ ကျပ်ဖြင့်လည်းကောင်း၊ ပရီမီယမ် ဒီဇယ်တစ်လီတာ ၁၅၆၀ ကျပ်ဖြင့် စတင်ရောင်းချနေပြီး သတ်မှတ်ခွဲတမ်းကုန်သည်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဆီတစ်ဂါလံပေါက်စျေးအောက် ကျပ်တစ်ထောင်ကျပ်သက်သာသောကြောင့် ကုန်တင်ယာဉ်ကြီးများ၊ ကုန်စည် ပို့ဆောင်ရေးယာဉ်များအတွက် အစဉ်ပြေလျက် ရှိသည်။
အဆိုပါဆီရောင်းချနေမှုကို ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)