ပြည် ဖေဖော်ဝါရီ ၁၀
၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းအဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့ အ.ထ.က(၄)၌ ကျင်းပ ခဲ့သည်။
ပြိုင်ပွဲတွင် "ပြည်ထောင်စုနေ့ မိခင်မှသန္ဓေတည် လွတ်လပ်ရေးနေ့အမွေကို မွေးဖွားသည်" ခေါင်းစဉ်ဖြင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ အကြောင်းအရာများကို ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီနှင့် ပြည်ခရိုင်အတွင်း (၁၄)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းပညာရေးမှူး(ရုံးခွဲ)ပြည်မှ တာဝန်ခံတိုင်းခွဲဦးစီးမှူး ဆရာမကြီးဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူ များ ကြည့်ရှုအားပေးသည်။
ပြည်မြို့ အ.ထ.က(၄)၌ ၂၀၂၂ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဲခူးတိုင်း(အနောက်) တိုင်းအဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဖေဖော်ဝါရီ ၇ ရက်မှ ၉ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြည်မြို့တော်ခန်းမ၌ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)