ကျောက်ကြီးမြို့ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာ ရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

ကျောက်ကြီး   ဖေဖော်ဝါရီ  ၁၀

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 ပြိုင်ပွဲအခမ်းအနားအား မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကြည်သာငြိမ်းချမ်း မှအဖွင့်အမှာ စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က  မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအနေဖြင့် ပြိုင်ပွဲအတွေ့အကြုံရရှိစေရန်၊ နှုတ်မှုစွမ်းရည် ပြည့်ဝစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန် ရည်ရွယ်၍ပြိုင်ပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ အထက(ခွဲ) ပဲခူးရပ်၊ မူလတန်းလွန် ဖန်းခါးကုန်းကျောင်း၊ မူလတန်းလွန် သဲကုန်းကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ (၁၃)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲ၌ ဆုရ ကျောင်းသား ကျောင်းသူများအား  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများချီးမြှင့်ပေးခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှလည်း ကျောင်းသား ကျောင်းသူ များအား လက်ဆောင်များ ပေးအပ် ချီးမြှင့် ခြင်းများပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်