ဘိုကလေး ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိသူများ နေ့စဉ်နှင့်အမျှ တွေ့ရှိလာသဖြင့် မြို့နယ်အတွင်း ထပ်မံ၍ ရောဂါပိုးပြန့်ပွားမှုမရှိစေရေးနှင့် အချိန်မီကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့နံနက်(၈) နာရီတွင် ဘိုကလေး-စက်ဆန်း လမ်းဆုံ၌ ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေရေး အသိပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း(Mask) အခုရေ (၅၀၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လှုပ်ရှားမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဘိုကလေးမြို့ အဝင် နတ်ချောင်းစစ်ဆေးရေးဂိတ်တွင်လည်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်းကာ ဖြတ်သန်းသွားလာကြသည့် ပြည်သူများနှင့် အဝေးပြေးယာဉ်များနှင့် အတူ လိုက်ပါလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိအား RDT- Test Kit များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလက်ရှိတွင် ဘိုကလေး မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးကျော် ရှိပြီး ၎င်းတို့အား မြို့နယ် ကုတင်(၁၀၀) ပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
မိုးစက်