ကော့ကရိတ် ဖေဖော်ဝါရီ ၁၀
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်လာစေရန်၊ နှုတ်ပြောစွမ်းရည်မြင့်မားစေရန်၊ ရဲဝံ့စွာပြောဆို တတ်စေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများ သိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် Book Club အဖွဲ့ဝင် ဒေါ်ခင်ကြူအေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ထို့နောက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉)ကျောင်းတို့မှ ကျောင်းသား/သူ (၂၄)ဦးတို့က ပြည်ထောင်စုနေ့ နှင့် သက်ဆိုင်သည့် မိမိကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် အသီးသီးပျော်ရွှင်စွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမှတ်ပေးဒိုင်(၃)ဦးတို့မှ အဆိုပါ ပြိုင်ပွဲဝင် ကျောင်းသား/သူများ၏ မိတ်ဆက်၊ ပုံပြင်အကြောင်းအရာ၊ အသံနေ အသံထား/ လေယူလေသိမ်းနှင့် နိဂုံးတို့ကို ကြည့်ပြီး အမှတ်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိသည့် ကျောင်းသား/ သူများအား ၂၀၂၂ခုနှစ်၊ ယနေ့တွင် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)