ကော့သောင်း၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ထိမ်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိ

ကော့သောင်း ဖေဖော်ဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြီးကြပ်ကာ အသိပညာပေးလုပ်ငန်းနှင့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက လူသူအသွားအလာ များပြားစုဝေးရာ ဈေးများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး  ယခုအချိန်ကာလအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုများကို မြန်မာနိုင်ငံ ဒေသတစ်ချို့တွင် တွေ့ရှိလာနေပြီဖြစ်သဖြင့် မိမိတို့ မြို့နယ်အတွင်း အိုမီခရွန်ကူးစက်မှု မဖြစ်ပွားရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များဖြစ်သည့်  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာ ပေါင်းစုံ ပူးပေါင်းအဖွဲ့များဖြင့် လူသူအသွားအလာ များပြားစုဝေးရာ ဈေးများဖြစ်သည့် မြို့မဈေး၊ ဘုရင့်နောင်ဈေးနှင့် နန္ဒဝန်ဈေးများအတွင်း လမ်းထွက်သွားလာနေသူများ၊ ဈေးရောင်း/ဈေးဝယ် ပြည်သူများကို ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါအကြောင်း သိကောင်းစရာပညာပေး လက်ကမ်းစာစောင်များနှင့် ပါးစပ်နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်းလုပ်ငန်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)