ဝက်လက်မြို့၌ မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိ

ဝက်လက်  ဖေဖေါ်ဝါရီ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြင်တော်ကျေးရွာအုပ်စု တိုက်ကုန်းကျေးရွာတွင် မုံလာဥဖြူ စိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုံလာဥဖြူ စိုက်ပျိုးသူ တောင်သူထံမှ သိရသည်။

အဆိုပါ မုံလာဥဖြူ စိုက်ပျိုးရာတွင် သဲဆန်သော မြေတွင်သာ စိုက်ပျိုးဖြစ်ထွန်းကာ မျိုးစေ့ တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုး ရပြီး တစ်ဧက အတွက် မျိုးစေ့ထုတ် ၆ ထုတ် စိုက်ပျိုးရကြောင်း သိရသည်။

စိုက်ခင်းအတွင်းသို့ အပင်အားဆေး ပိုးသတ်ဆေး မြေဆီအနည်းငယ် ပတ်ဖျန်းပေးရပြီး ကုန်ကျစရိတ်မှာ ငွေကျပ် သုံးသိန်း ခန့် ကုန်ကျကြောင်း နေ့စဉ် ရေလောင်းပေးပြီး နှစ်လအကြာတွင် မုံလာဥဖြူနှုတ်ယူပြီး စျေးကွက်သို့ ရောင်းချရကြောင်း သိရသည်။

မုံလာဥ အပင် ၅၀ ကို ယခုအချိန် ပေါက်စျေး ငွေကျပ် ၂၃၀၀ ကျပ်ဖြင့် ဝက်လက်မြို့ မြို့မစျေးသို့ သွားရောက် ရောင်းချရာ ယခင်နှစ်က ဧက တစ်ဝက် စိုက်ပျိုးရာ ကျပ် ၅ သိန်း ခန့်အမြတ်ငွေ ရရှိသော်လည်း ယခုနှစ်တွင် တစ်ဧက စိုက်ပျိုးရာ အပိုဝင်ငွေ ကျပ် ၈ သိန်းခန့်ရရှိကြောင်း မုံလာဥဖြူ စိုက်ပျိုးထားသူ တိုက်ကုန်းကျေးရွာနေ ဦးတင့်ဝေထံမှ သိရသည်။