တနင်္သာရီ၌ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အား/ကာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် (ဒုတိယ) ပွဲစဉ်ယှဉ်ပြိုင်

တနင်္သာရီ   ဖေဖော်ဝါရီလ   ၉

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားဖွံ့ဖြိုးမှု အစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသား ဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဌာနဆိုင်ရာအသင်းနှင့် ဆင်ခြေဖုန်းအသင်းတို့က မြို့မအားကစားကွင်းအတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြရာ ဆင်ခြေဖုန်းအသင်းက ဌာနဆိုင်ရာအသင်းအား (၂ဂိုး-ဂိုးမရှိ) ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဘောလုံးပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ် မြိတ်မြို့မှ ဦးသူရအောင်၊ စည်းကြပ်ဒိုင်များအဖြစ် ဦးအောင်ပိုင်ဦးနဲ့ ဦးဇော်လင်းထိုက်တို့က တာဝန်ယူဆောင်ရွက်ပေးကြသည်။ ၎င်းဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆင်ခြေဖုန်းကျေးရွာအုပ်စုအတွင်းမှ ပြည်သူများ၊ ရပ်ကွက်နေပြည်သူများ၊ အားကစားသမားများနှင့် ဘောလုံးဝသနာရှင်များက ပွဲကြည့်စင်အပြည့် တခဲနက် အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ၏ တတိယနေရာလုပွဲကို  ချောင်းငယ်အသင်းနှင့် ဌာနဆိုင်ရာအသင်းတို့ က ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ နောက်ဆုံးဗိုလ်လု ပွဲအဖြစ်  ချောင်းကြီးအသင်းနှင့် ဆင်ခြေဖုန်းအသင်းတို့က ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ညနေ ၄ နာရီအချိန် မြို့မအားကစားကွင်းအတွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ (ပထမ) /(ဒုတိယ)/(တတိယ) ဆုရအသင်းများအား ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း

(ပြန်/ဆက်)