မင်းလှ၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မင်းလှ (အောက်)  ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းက မြို့နယ်အခြေခံမဲစာရင်းများ ပြည့်စုံ မှန်ကန်ရေးနှင့် ဆန္ဒမဲပေး ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းကြေညာခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ဒုတိယအကြိမ်  မကျန်ရှိစေရေးအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းဆောင်ရွက်ရမည် ဖြစ်သောကြောင့် ကွန်ပျုတာ မဲစာရင်း ပြင်ဆင်ခြင်း၌ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ပညာရေးဌာနတို့က အဓိကကူညီ ဆောင်ရွက်ပေးရန်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲဝင်များလည်း တာဝန်ယူ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်‌၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူးက မဲဆန္ဒရှင်စာရင်း ပြင်ဆင် ရန် ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများကို ကြီးကြပ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် လဝကဦးစီးမှုးက မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကက်ပြားများ ဖြည့်သွင်းနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းတို့ကို အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ထပ်မံစိစစ်ခြင်း လုပ်ငန်းများအား စာရင်းထုတ်၍ သက်ဆိုင်ရာ ရပ်ကျေးမှအဖွဲ့ဝင် (၄) ဦးနှင့်အတူ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ (ဌာနဆိုင်ရာများ အပါအဝင်) ဩဂုတ် ၂၆ နေ့မှ စတင်ကာ ကြီးကြပ်စိစစ်ဆောင်ရွက်လျက် ရှိကြောင်း၊ မင်းလှမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၀၀ ဦး တိုးမြှင့်လာခဲ့ပြီး၊ စုစုပေါင်း အသက်(၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၉၆၉၇၄ )ဦးခန့်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ