သာယာဝတီ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သံဃနာယကအဖွဲ့ ရွေးချယ်ပွဲ အခမ်းအနားကို ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်ခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်(၄၁)ပါး ကြွရောက်၍ (၁၇)ပါး ဆန္ဒပေး ထားသည့်အတွက် အစည်းဝေးထမြောက်အောင်မြင်ပါကြောင်း၊ ရွေးချယ်မှုကြီးကြပ်ရေး ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအရိယဝံသ၊ ဘုရားကြီးကျောင်းတိုက်၊ လက်ပံတန်းမြို့မှ သြဝါဒကထာ မြွက်ကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုမှ သာသနာရေးဆိုင်ရာ လျှောက်ထား တင်ပြပြီး လှူဖွယ်ဝတ္တုငွေများ ဆက်ကပ်ခြင်းနှင့် ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့သည် သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့် အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)