ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို စစ်တုရင်ပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင် ဖေဖော်ဝါရီ  ၉

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဉာဏစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက အလယ်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ အလယ်တန်းအဆင့် စစ်တုရင်ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင် ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို မြို့ဦးစီးမှူးက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်